International News

ရုရှားစီးပွားရေးလုပ်ငန်းရှင်များက BRICS အဖွဲ့သို့ အယ်လ်ဂျီးရီးယားနိုင်ငံဝင်ရောက်ခြင်းကို ထောက်ခံ

Last Updated:

ရုရှားစီးပွားရေးလုပ်ငန်းရှင်များက အယ်လ်ဂျီးရီးယားနိုင်ငံ၏ BRICS အဖွဲ့ဝင်အဖြစ်ပါဝင်ရန် ဆုံးဖြတ်ချက်ကိုထောက်ခံကြကြောင်း၊ရုရှားစီးပွားရေးလုပ်ငန်းသည် BRICS အဖွဲ့သို့ဝင်ရောက်ရန် အယ်လ်ဂျီးရီးယားနိုင်ငံ၏လျှောက်ထားမှုကိုကြိုဆိုကြောင်း ရုရှား-အယ်လ်ဂျီးရီးယားစီးပွားရေးဖိုရမ်တွင် Delovaya Rossiya (Business Russia) အဖွဲ့အစည်း၏ဥက္ကဋ္ဌ Mr. Alexey Repik က ပြောကြားသည်။

နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ပြီး အထူးသဖြင့် စီးပွားရေးကိုယ်စားလှယ်များအတွက် ဗီဇာကင်းလွတ်ခွင့်စနစ်ကို တိုးချဲ့ရန်နှင့် ခရီးသွားလာခွင့် အခွင့်အလမ်းများကို တိုးချဲ့ရန် လိုအပ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

အထူးသဖြင့် ရုရှားအစေ့အဆံများ၊ အယ်လ်ဂျီးရီးယားသံလွင်သီးများနှင့် စွန်ပလွံသီးများစသည့်စိုက်ပျိုးရေးပို့ကုန်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုအလားအလာကို အပြည့်အဝအကောင်အထည်မဖော်နိုင်သေးကြောင်း၊ ဆန်းသစ်တီထွင်မှုနှင့်ပတ်သက်သော စီမံကိန်းများတွင်လည်း ပိုမိုအာရုံစိုက်သင့်ကြောင်း၊ ရုရှားနည်းပညာများကြောင့် ကမ္ဘာ့ဈေးကွက်တွင် အယ်လ်ဂျီးရီးယားထုတ်ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြင့်လာစေနိုင်ကြောင်း အဖွဲ့အစည်း ၏ဥက္ကဋ္ဌက ပြောကြားသည်။

Delovaya Rossiya အဖွဲ့အစည်းဥက္ကဋ္ဌ၏အဆိုအရ ပူးတွဲကုန်သွယ်ရေးသဘောတူစာချုပ်များ လက်မှတ်ရေးထိုးခြင်းသည် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံသူများအား ပို၍လုံခြုံမှုကို ခံစားရစေနိုင်သည်ဟုဆိုသည်။

ရုရှား-အယ်လ်ဂျီးရီးယားစီးပွားရေးဖိုရမ်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် Delovaya Rossiya အဖွဲ့အစည်း၏ရုံး၌ ကျင်းပခဲ့သည်။ လက်ရှိတွင် BRICS အဖွဲ့ဝင်နိုင်ငံများမှာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကတို့ ဖြစ်သည်။

Source :   https://tass.com/economy/1631969

(စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News